အချိန်မီ မကုသရင် မျက်စိကွယ်စေနိုင်တဲ့ ရေတိမ်
ရေတိမ်ဟာ မျက်စိကွယ်စေတဲ့ အကြောင်းရင်းတွေထဲမှာ ဒုတိယမြောက် အဖြစ်အများဆုံး ရောဂါဖြစ်ပါတယ်။ မျက်စိအတွင်းမှာ ဖိအားတွေများလာပြီး မျက်စိနဲ့ ဦးနှောက်ကို ဆက်သွယ်ပေးထားတဲ့ အာရုံကြောဖြစ်တဲ့ Optic Nerve ထိခိုက်ပျက်စီးတာကြောင့် ရေတိမ် ဖြစ်လာပါတယ်။
ရေတိမ်က အမျိုးအစား အမျိုးမျိုး ရှိပါတယ်။ အောက်ပါအတိုင်းဖြစ်ပါတယ်။
- Primary Open Angle Glaucoma က အဖြစ်အများဆုံးဖြစ်ပြီး မျက်ရည်စီးဆင်းတဲ့ လမ်းကြောင်းက တဖြည်းဖြည်း ပိတ်လာပြီး ကာလကြာရှည်တဲ့အခါ ဖြစ်လာတဲ့ ရေတိမ်ပါ။
- Acute Angle Closure Glaucoma ကတော့ မျက်ရည်စီးဆင်းတဲ့ လမ်းကြောင်း ရုတ်တရက်ပိတ်ပြီး မျက်စိအတွင်းဖိအား လျင်မြန်စွာ မြင့်တက်လာပြီး ရေတိမ်ဖြစ်တာပါ။
- Secondary Glaucoma ဆိုတာက မျက်စိရောင်ရမ်းတာလိုမျိုး တခြားမျက်စိ ပြဿနာတွေရဲ့ နောက်ဆက်တွဲဆိုးကျိုး အနေနဲ့ ရေတိမ် ဖြစ်လာတာပါ။
- Childhood Glaucoma (Congenital Glaucoma) ကတော့ မွေးရာပါ မျက်စိချို့ယွင်းမှုတွေကြောင့် ဖြစ်တဲ့ ရေတိမ်ပါ။
ရေတိမ်အဖြစ်များတဲ့လူတွေကတော့
- အသက်ကြီးတဲ့သူတွေ (၅၅ နှစ်အထက်)
- မိသားစုထဲမှာ ရေတိမ်ဖြစ်ဖူးတဲ့ မျိုးရိုးရှိသူတွေ
- အနီးမှုန်၊ အဝေးမှုန်သူတွေ
- ဆီးချိုရှိသူ၊ သွေးတိုးရှိသူတွေ
- မျက်စိထိခိုက်ဖူးသူတွေ
- စတီးရွိုက်ပါတဲ့ မျက်စဥ်းဆေးကို ရေရှည်သုံးစွဲ နေသူတွေမှာ ရေတိမ် ပိုဖြစ်နိုင်ပါတယ်။
ရောဂါလက္ခဏာအနေနဲ့…
- အမြင်ဝါးလာတာ၊ အလင်းရောင်ကို ကြည့်ရင် သက်တန့်ရောင် ကွင်းတွေလို မြင်နေတာ
- ရုတ်တရက် မျက်စိက အပြင်းအထန် နာကျင်လာတာ
- မျက်စိတဝိုက်မှာ တင်းနေတာ
- မျက်စိနီနေတာ
- ခေါင်းကိုက်တာ
- ပျို့အန်တာတွေ ဖြစ်နိုင်ပါတယ်။
ရောဂါလက္ခဏာတွေက ပိုဆိုးလာရင် မျက်စိဆရာဝန်နဲ့ ချက်ချင်း ပြရပါမယ်။ ရေတိမ်ဟာ မကုသရင် အမြင်အာရုံ ဆုံးရှုံးနိုင်ပါတယ်။
ဘယ်လိုကုသမလဲ?
ချို့ယွင်းပြီးသား အမြင်အာရုံက ပြန်မကောင်းနိုင်တော့ပေမယ့် ပိုဆိုးမလာအောင်တော့ ကုသလို့ရပါတယ်။
- မျက်စိအတွင်းဖိအား လျော့စေတဲ့ မျက်စဥ်းခပ်တာ
- လေဆာနဲ့ ကုသတာ
- မျက်ရည်ပြွန် ပိတ်နေတာကို ခွဲစိတ်ပြီး စီးဆင်းမှုကောင်းအောင် လုပ်တာတွေနဲ့ ကုသပါတယ်။
ရေတိမ်မဖြစ်အောင် ကာကွယ်ဖို့…
- မျက်စိကို ပုံမှန်စစ်ဆေးပါ။
- မျိုးရိုးထဲမှာ ရေတိမ်ဖြစ်ဖူးသူရှိရင် ပိုပြီး ဂရုစိုက်ပါ။
- မျက်စိကို မထိခိုက်အောင် အကာအကွယ်ဝတ်ထားပါ။
ရေတိမ်ကို အချိန်မီ ကုသရင် အမြင်အာရုံ မဆုံးရှုံးအောင် ကာကွယ်နိုင်တာမို့ မျက်စိကျန်းမာရေးကို ဂရုပြုကြဖို့ တိုက်တွန်းလိုက်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်